May 24, 2014
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံကြား ပိုင်ဆိုင်မှုအငြင်းပွားနေသော ဒေ သများကို တရုတ်နိုင်ငံက ထိန်းချုပ်ရန် ဆက်လက်ကြိုးစားနေခြင်းသည် ဗီယက်နမ်နိုင်ငံတွင် မကြာမီက ဖြစ်ပွားခဲ့သော တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်များကို အားမြှင့်ပေးခဲ့ပါသည်။ တရုတ်နှင့် ဗီယက်နမ် နိုင်ငံ ကြား အချိန်ကြာမြင့်စွာဖြစ်ပွားနေသော ပင်လယ်ပိုင်နက်အငြင်းပွားမှုပြဿနာတွင် ထိုသို့ တရုတ်ဆန့်ကျင် ရေး ဆန္ဒပြမှုများသည် အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါသည်။ ထိုပင်လယ်ပိုင်နက် ပြဿနာကြောင့် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးမပြေလည်သည်မှာ ကြာမြင့်နေချိန်တွင် ယခု ကဲ့သို့ အမျိုးသားရေးဆန္ဒပြမှုများပေါ်ပေါက်လာခဲ့သည်မှာ ပထမဆုံး အကြိမ်ဖြစ်ပါသည်။
ထိုအဓိကရုဏ်းများ၏ အရေးကြီးမှုကို မီဒီယာများက ဖော်ပြနေကြသည်မှာ အလွန်အကျွံဖြစ်သည့်တိုင် အံ့သြဖွယ်ရာမရှိပါ။ ဥပမာအားဖြင့် အချို့က ထိုကိစ္စကို တရုတ်က ယိုးမယ်ဖွဲ့ပြီး ခရိုင်းမီးယားကို ရုရှားက ၄င်း၏ ပိုင်နက်အတွင်း သွတ်သွင်းခဲ့ပုံမျိုးလုပ်လာနိုင်သည်ဟု ထောက်ပြကြ သည်။ အချို့ကမူ တရုတ်နိုင်ငံက ဗီယက်နမ်နှင့် အရှေ့တောင်အာရှဒေသကို သင်ခန်းစာပေးရန် မဖြစ် မနေစစ်ပွဲတစ်ပွဲ ဆင်နွဲသည့်အဖြစ်မျိုးရောက်သွားနိုင် သည်ဟု သတိပေးကြသည်။ ထိုသို့သော သုံးသပ် ချက်များသည် အဆိုးမြင်လွန်းရုံသာမက လွဲမှားသော သုံးသပ်ချက်လည်းဖြစ်ပါသည်။
မဖြစ်နိုင်ဟုထင်ရသော်လည်း တကယ်တမ်းဖြစ်နိုင်သည့် ဝိရောဓိမှာ ဗီယက်နမ်မှ တရုတ်ဆန့်ကျင် ရေး အဓိကရုဏ်းများသည် တရုတ်နှင့် ဗီယက်နမ်ကြား လက်ရှိပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်မှုများကို ပိုမို အရှိန်မြင့်စေမည်ထက် အရှိန့်လျော့ရေးကိုသာ ပိုမိုဖြစ်နိုင်ဖွယ်ရှိပါသည်။
အဓိကရုဏ်းများကြောင့် တရုတ်-ဗီယက်နမ် ပဋိပက္ခကို အရှိန်လျော့လိမ့်မည်ဟု ဆိုရခြင်းမှာ ဗီယက်နမ် မှ တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်းသည် အရှေ့တောင်အာရှဒေသတွင် တရုတ်နိုင်ငံ၏ အနေအထားမှာ အားကောင်းခြင်းမရှိပဲ တရုတ်နိုင်ငံအနေဖြင့် အခြေခံအားနည်းချက်များ ရှိနေကြောင်း ပြသနေခြင်းဖြစ် သည်ဟူသော အချက်မှ အရင်းခံပါသည်။
တရုတ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွင်းသာလျှင် အုပ်ချုပ်နိုင်စွမ်းရှိသော်လည်း တရုတ်နိုင်ငံသည် ပြည်ပရောက်တရုတ်များ၏ လုံခြုံရေးနှင့် ကောင်းစားရေး အတွက်လည်း တာဝန်ရှိသည်ဟု တရုတ်နိုင်ငံသားအများအပြားက တိုး၍ ထင်မြင်နေကြပါသည်။ တရုတ် နိုင်ငံမှ ထွက်ခွာ၍ အခြားနိုင်ငံများတွင် အခြေချနေထိုင်ကြသော တရုတ်လူမျိုးများသည် ဗီယက်နမ်နိုင်ငံ အပါအဝင် အရှေ့တောင်အာရှ တစ်လွှား ပြန့်နှံ့နေထိုင်ကြပါသည်။ တရုတ်အစိုးရအနေဖြင့် ၄င်းတို့အပေါ် တွင် ထိုသို့ ကွာယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိသေးပါ။
ယနေ့ ဗီယက်နမ်နိုင်ငံတွင် ဖြစ်နေသကဲ့သို့ ပြည်ပရောက်တရုတ်လူမျိုးများ အန္တရာယ်နှင့် ကြုံတွေ့ ရချိန်တွင် တရုတ်နိုင်ငံမှာ အားနည်းပုံရပါသည်။ ထိုသို့ တရုတ်နိုင်ငံ၏ အားနည်းချက်မှာ အင်ဒိုနီးရှားနိုင်ငံ တွင် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားခဲ့သော ၁၉၉၈ ခုနှစ်တွင် မြင်သာခဲ့ပြီး ထိုအဓိက ရုဏ်းများရပ်တန့်ရေးအတွက် တရုတ်အစိုးရက ဟုတ်ဟုတ်ညားညား မလုပ်နိုင်ခဲ့ပါ ။ ထိုသို့ ထိထိရောက် ရောက် ဆောင်ရွက်နိုင်ခြင်းမရှိခြင်းသည် တရုတ်အစိုးရ၏ ဆောင်ရွက်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်မှု များဖြစ်စေခဲ့ပါသည်။ တရုတ်ခေါင်းဆောင်များအနေဖြင့် ယခု ဗီယက်နမ်နိုင်ငံတွင် ဘာဖြစ်နေသည်ကို ၄င်းတို့ ကြည့်ရှုချိန်တွင် ထိုအဖြစ်အပျက်များကို ပြန်လည်အမှတ်ရမည်ဖြစ်သည်။
ထိုသို့သော စိုးရိမ်ပူပန်မှုသည် ၁၉၉၈ ခုနှစ် ကတည်းက မြင်ခဲ့ရသော တရုတ်နိုင်ငံ၏ အားနည်း ချက်များအနက် အရေးအကြီးဆုံးအချက်ဖြစ်သည်။ တရုတ်လူထုတွင် အမျိုးသားရေးစိတ်ဓာတ်များ ပိုမို ပြင်းထန်နေပြီး weibo ကဲ့သို့ အင်တာနတ် လူမှုကွန်ယက်များက အစိုးရအပေါ် ထိုသို့ အားမလို အားမရ အမြင်များကို လွယ်ကူစွာဖြန့်ဖြူးနိုင်ပါသည်။
ထိုသို့သောအခြေအနေမျိုး တွင် ဗီယက်နမ်မှာ တရုတ်လူမျိုး များအတိုက်ခိုက်ခံနေရခြင်းအတွက် ဗီယက်နမ်ကို ဒဏ်ခတ်ရန် အွန်လိုင်းမှ တရုတ်များက တောင်းဆိုလာ မည်မှာ သေချာပါသည်။ သို့ရာတွင် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်ကျော်က အင်ဒိုနီးရှားတွင်ဖြစ်ခဲ့သ ကဲ့သို့ပင် တရုတ်အစိုးရအနေဖြင့် လက်တွေ့လုပ်နိုင်သော ပေါ်လစီ မရှိသလောက်ဖြစ်ပါသည်။ အကယ်၍ ဗီယက်နမ် နှင့် စစ်ရေးအရ ထိတွေ့တိုက်ခိုက်မှုအထိသာ ပြဿနာကြီးသွားမည်ဆိုပါက အရှေ့တောင် အာရှ နိုင်ငံများအတွင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ပိုမိုကြီးထွားလာစေရန် လောင်စာထိုးပေးလိုက် သလိုသာ ဖြစ်သွားပြီး ထိုနိုင်ငံများတွင် နေထိုင်ကြသော ပြည်ပရောက်တရုတ်များကို ဆန့်ကျင်သည့်ဆန္ဒပြ မှုများ ပိုမိုဖြစ်ပွားစေမည်ဖြစ်သည်။ ထိုအခြေအနေမျိုးဖြစ်လာခဲ့ပါက တရုတ်နိုင်ငံအနေဖြင့် ပိုမိုလက်တုန့် ပြန်ရန် လိုအပ်လာပြီး ဒေသတစ်ခုလုံးမတည်မငြိမ်ဖြစ်သွားမည်ဖြစ်သည်။
ထိုအခြေအနေမျိုး ဖြစ်နိုင်စရာရှိသော်လည်း လုံးဝဖြစ်နိုင်ချေမရှိပါ။ တရုတ်ခေါင်းဆောင်များသည် စွန့်စားရန် မလိုလားဆဲဖြစ်၍ မမျှော်မှန်းနိုင်သော ရလာဒ်များထွက်လာနိုင်သည့် ဆောင်ရွက်ချက်မျိုးကို လုပ်ဆောင်ဖွယ်မရှိပါ။ သို့သော်လည်း တချိန်တည်းမှာပင် ဗီယက်နမ်လူမျိုးများ၏ ရန်စမှုအဖြစ် တရုတ် နိုင်ငံတွင်းမှ လူများစု၏ ရှုမြင်မှုကိုလည်း ဂရုမစိုက်ပဲ ပစ်ပယ်ထားလိုပုံမရပါ။
ထိုသို့သော အမှန်တရားများကြောင့် ဗီယက်နမ်တို့၏ ဆောင်ရွက်ချက်ကို တရုတ်နိုင်ငံက လာမည့် ရက်များတွင် ကျယ်ကျယ်လောင်လောင် ပြစ်တင်ရှုတ်ချမှုကို ကြားရဖွယ်ရှိပါသည်။ သို့ရာတွင် ရေရှည် တွင်မူ ဗီယက်နမ်မှ တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်းကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုပြဿနာနှင့် ပတ်သက်၍ တင်းမာမှု များလျော့ကျသွားပြီး နှစ်နိုင်ငံလုံးက ထုံးစံအတိုင်း ထိုနယ် မြေများကို ၄င်းတို့ ပိုင်ဆိုင်ကြောင်း ကြေညာချက်များသာ ထုတ်ပြန်နေသည့်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားစေပြီး စစ်ရေးအရ ထိတွေ့မှုများကို ရပ်တန့် သွားစေနိုင်ဖွယ်ရှိပါသည်။

No comments:
Post a Comment