ရန်ကုန်၊ မေ ၁၆-
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် မြန်အောင်မြို့နယ်တွင် ထူးမြတ်တော်ဝင်ကုမ္ပဏီ မှ ထင်းဖြင့်ရေနံချက်လုပ်နေသောကြောင့် ပတ်ဝန်းကျင် သစ်တောများပြုန်းတီးလာနေကာ မိမိတို့အိမ်များမိုးရန် အင်ဖက်များပါ ရနိုင်တော့မည်မဟုတ်ကြောင်း ယင်းအ နီးပတ်ဝန်းကျင်ကျေးရွာသားများက ပြောသည်။
မေ၁၄ရက်တွင် ယင်းမြို့နယ် အုတ်ဖိုကျေး ရွာ၌ အနီးပတ်ဝန်းကျင်မှ ကျေးရွာသား၃ဝဝကျော်သည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိလာနိုင်သည့်အ တွက် မိမိတို့အနီးပတ်ဝန်းကျင်မှသစ်တောများကို လောင် စာအဖြစ်အသုံးပြုကာ ရေနံချက်လုပ်နေသည်ကို သတင်း စာရှင်းလင်းပွဲပြုလုပ်ကာ ကန့်ကွက်ခဲ့ကြသည်။
''အငုတ်ကစပြီးဖော်နေတော့ တောမှန်သမျှ လင်းလင်းစင်နေပါပြီ။ ဒီက ရွာသားတွေဟာ အိမ်မိုးဖို့ အင်ဖက်ကိုပဲ မှီခိုနေရတာ။ နောက်ဆို အမိုးမိုးဖို့ အင် ဖက်ရနိုင်မှာမဟုတ်တော့ဘူး''ဟု အုတ်ဖိုကျေးရွာမှ ဦး ဇော်သန်းက ပြောသည်။
အဆိုပါ ထူးမြတ်တော်ဝင်ကုမ္ပဏီမှရေနံချက် လုပ်နေသော စက်ရုံဖိုများသည် ပုသိမ်-မုံရွာလမ်းမ ကြီး မိုင်တိုင်အမှတ်(၁၁၁)အနီး မြန်အောင်မြို့နယ် ငါး ဘတ်ကျကျေးရွာအုပ်စု တုတ်ကွင်းရွာအနောက်ဘက် တွင်တည်ရှိပြီး လွန်ခဲ့သောလေးလခန့်က မြေဧက ၈ဝ ကျော်ကိုအသုံးပြုကာ ယင်းသို့ရေနံချက်လုပ်သည့်လုပ် ငန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
''ဒီလောက်အရေးကြီးတဲ့ သဘာဝပတ်ဝန်း ကျင်နဲ့သက်ဆိုင်တဲ့ ဥပဒေချိုးဖောက်မှုတွေကို ဘယ်သူ ကခွင့်ပြုထားလို့လဲဆိုတာမေးခွန်းထုတ်ရမလို ဖြစ်နေ ပြီ။ ပြည်သူတွေဟာ ဥပဒေကိုနားမလည်ပါဘူး။ ချိုးလဲ မချိုးဖောက်ရဲပါဘူး။ ဥပဒေကိုချိုးဖောက်နေတာက သမ္မတ ကြီးရဲ့လက်အောက်ကဝန်ထမ်းတွေပဲ''ဟု ယင်းအရေး အတွက်ဦးဆောင်လှုပ်ရှားသူ လက်ပန်းကွင်းကျေးရွာ မှ ဦးညွန့်ရွှေက ဆိုသည်။
ယင်းသို့ချက်လုပ်နေသည့် ရေနံစိမ်းများမှာ မကွေးတိုင်းဒေသကြီးအတွင်းမှရယူချက်လုပ်ခြင်းဖြစ် ကြောင်း၊ ရေနံချက်လုပ်သည့်ဖိုပေါင်း ၁၁ ခုရှိကြောင်း ကျေးရွာသားများထံမှ သိ ရသည်။
ယင်းရေနံချက်လုပ်ရန်အတွက် အသုံးပြုသော မြေနေရာကိစ္စများနှင့်ပတ် သက်ပြီး မြေဂရန်မရှိဟုဆိုကာ မြေယာ လျော်ကြေး မရရှိသည့် ကျေးရွာသားများ လည်းရှိကြောင်း ယင်းကျေးရွာသားများက ပြောသည်။
''ခင်ဗျားတို့ဂရန်ရှိလား၊ ပြေစာ ရှိလားဆိုတာမေးတယ်။ မြေလွတ်မြေရိုင်း ပါဆိုနေမှ ဘယ်လိုလုပ်ဂရန်ရှိမှာလဲ။ ဒီ မှာ ရှိတဲ့လူတွေအကုန်လုံးက ဓားမဦးချ လုပ်ကိုင်စားသောက်လာတဲ့ လူတွေပဲဖြစ် တယ်''ဟုဦးညွန့်ရွှေက ဆက်လက်ပြော ကြားသည်။
ထူးမြတ်တော်ဝင်ကုမ္ပဏီသည် အစုရှယ်ယာ၁၅ဦးဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ တိုင်းမှူး၏ဖို တစ်ခု ပါဝင်နေသည် ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ လတ်တလောအခြေ အနေတွင် နည်းပညာအခက်အခဲကြောင့် ထင်းကိုသာအသုံးပြုနေရကြောင်း၊ နောက် ပိုင်း အခြားအစားထိုးလောင်စာများကို အသုံးပြု၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ဒုတိယအကြီးအကဲဖြစ်သူ ဦးဇော်မင်းလွင်က ပြောသည်။
''မြေကိစ္စမှာ ကျွန်တော်တို့က သိမ်းတယ်လို့ မသုံးစေချင်ဘူး။ လျော်ကြေး ပေးတဲ့အပိုင်းမှာ အမည်ပေါက်မရှိတဲ့အ တွက် ဦးလေးကိုလျော်ကြေးပေးလိုက်ရင် သူ့တူကတစ်ခါ သူလဲပိုင်တယ်ဆိုပြီး လာ တောင်းတာတွေရှိတယ်။ လျော်ကြေးငွေ မပေးရသေးတာတော့ ၁၇ ဧကကျန်နေ သေးတယ်''ဟု ဦးဇော်မင်းလွင်က ပြော သည်။
မင်းအောင်ခိုင်
Yangon Media Group

No comments:
Post a Comment