Friday, May 23, 2014

``သာသနာဖျက်မည့်သူ ဘယ်သူလဲ´´


ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား အမည်ရှိ စာအုပ်တွင် ဖော်ပြပါရှိပြီး ဆောင်းပါးဖြစ်ပါသည်။   (OppositEye အက်ဒမင်)

ပိဋကအနှံ့အပြားမှာ သာသနာပျောက်ကွယ်ရမယ့် အကြောင်းရင်းတွေကို ဘုရားဟောကြားထားတာကို
တွေ့ရှိရပါတယ်။ လက်လှမ်းမှီသလောက် ကျမ်းကိုးအနေနဲ့ ထုတ်ပြရရင် `အင်္ဂုတ္ထိုရ်ပါဠိတော် ပဉ္စကနိပါတ် ဆက္ကနိပါတ် သတ္တကနိပါတ်လာ ကိမိလသုတ်များ၌လည်းကောင်း၊ ပဉ္စကနိပါတ် သဒ္ဓမ္မသမ္မောသသုတ် သုံးသုတ်၌လည်းကောင်း၊ ပဉ္စကနိပါတ် အနာဂတဘယသုတ် လေးသုတ်၌လည်းကောင်း၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် အာဏိသုတ် ကလိင်္ဂရသုတ် သဒ္ဓမ္မပဋိရူပကသုတ်တို့၌လည်းကောင်း၊ ဇာတကပါဠိတော်ကက္ကဋဇာတ်တော်၌လည်းကောင်း လေ့လာကြည့်ရှု့နိုင်ပါတယ်။ ရှေးဆရာတော်ကြီးများက သာသနာကွယ်ကြောင်းတရားတွေကို မှတ်ရလွယ်အောင် ယခုလို လင်္ကာရေးထိုးခဲ့ကြပါတယ်။

(က) အင်္ဂုတ္ထိုရ်လာ သာသနာကွယ်ကြောင်း တရားပေါင်းကား တရားမနာ စာပေမသင် နှုတ်တွင်မဆောင် သိအောင်မမှတ် ပဋိပတ်ကွာ ဤငါးဖြာတည်း။ (ခ) နောက်လာထို့ပြင် စာသင်ပယ်လျှော ကျယ်မဟောကြ ကျယ်မချနှင့် ကျယ်စွမအံ မကြံမစည် ဤငါးမည်တည်း။ (ဂ) ၀ါ-တစ်နည်းမှာ အက္ခရာပုဒ်ပျက် လေ့ကျက်သင်ကြ ဆုံးမမယူ စာချသူရှား လာဘ်များအောင်ကြံ ခိုက်ရန်ကွဲပြား ဤငါးပါးသည် ဘုရားသာသနာကွယ်ကြောင်းတည်း။

(က) ၁။ တရားတော်ကို ရိုသေစွာ မနာယူခြင်း၊ ၂။ ရိုသေစွာ မသင်ယူခြင်း၊ ၃။ ရိုသေစွာဆောင်မထားခြင်း၊ ၄။ ဆောင်ထားသောတရား၏ အနက်အဓိပ္ပါယ်ကို ရိုသေစွာ စူစမ်းဆင်ခြင်မှုမပြုခြင်း၊ ၅။ တရားတော်၏ အနက်သဘောကို သိသော်လည်း တရားနှင့်လျော်သော အကျင့်ကို ရိုသေစွာ မကျင့်ခြင်းဟူသော အကြောင်းတရားငါးပါးသည် သူတော်ကောင်းတရားတည်းဟူသော သာသနာတော် ပျောက်ကွယ်ခြင်းရဲ့ အကြောင်းရင်းဖြစ်၏။

(ခ) ၁။ တရားတော်ကိုမသင်ယူခြင်း၊ ၂။ နာကြားသင်ယူထားသော တရားကို သူတစ်ပါးတို့အား အကျယ်တ၀ံ့မဟောပြောခြင်း၊ ၃။ အကျယ်တ၀င့်မပို့ချင်ခြင်း၊ ၄။ အကျယ်တ၀င့်မရွတ်ဖတ်ခြင်း၊ ၅။ ထပ်တလဲလဲ ဆင်ခြင်သုံးသပ်မှုမပြုခြင်းဟူသော အကြောင်းတရားငါးပါးသည် သူတော်ကောင်းတရားတည်းဟူသော သာသနာတော် ပျောက်ကွယ်ခြင်းရဲ့ အကြောင်းရင်းဖြစ်၏။

(ဂ) ၁။ မှားမှားယွင်းယွင်း သင်ယူထားသော တရားတော်ကို သဒ္ဒါနည်းမမှန် အဓိပ္ပါယတ္ထနည်းမမှန်ဖြင့် သင်ယူခြင်း၊ ၂။ ရဟန်းတို့သည် ဆိုဆုံးမခက်ခက်၍ သည်းခံခြင်းတရားမှ ကင်းမဲ့နေခြင်း၊ ၃။ ကျမ်းဂန်တတ်ရဟန်းများက သူတို့ပါးတို့အား ရိုသေစွာ ပြန်လည်ပို့ချမပေးခြင်း၊ အကြီးအကဲရဟန်းတို့သည် ပေါ့လျော့သော အကျင့်သီလရှိ၍ လာဘတ်လာဘပေါများရန်သာ အားထုတ်နေကြပြီး အကြီးအကဲရဟန်းတို့၏ တပည့်များကလည်း အကြီးအကဲရဟန်းများ၏ လမ်းစဉ်သို့သာ လိုက်နေကြခြင်း။ ၅။ သံဃာဂိုဏ်းကွဲခြင်း ဟူသော အကြောင်းတရားငါးပါးသည် သူတော်ကောင်းတရားတည်းဟူသော သာသနာတော် ပျောက်ကွယ်ခြင်းရဲ့ အကြောင်းရင်းဖြစ်၏လို့ ရှင်တော်မြတ်ဘုရားက သာသနာကွယ်ကြောင်းတရားတွေကို ဟောကြားတော်မူခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ သာသနာတော်ကွယ်ပျောက်သွားခြင်းရဲ့ အခြေခံအကြောင်းတရား ကို သုံးသပ်ကြည့်လိုက်ရင် ဒီအကြောင်းတရားတွေအတိုင်း ရဟန်းတော်များ ပြုမူနေထိုင်ကြတာကြောင့် သာသနာတော်ကြီး ကွယ်ပျောက်ခဲ့ရတာပါ။ အိန္ဒိယနိုင်ငံမှာ သာသနာတော်ကြီး ကွယ်ပျောက်ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်ပါ သုံးသပ်ချက်ကိုလည်း
ပြောပြချင်ပါသေးတယ်။

အိန္ဒိယ၌ သာသနာကွယ်ပျောက်ရခြင်း အကြောင်းရင်းမှာ အချက်အားဖြင့် သုံးချက်ရှိကြောင်း ကျွန်ုပ်တို့ လက်ခံအတည်ပြုကြ၏။ သုံးချက်ကား---
(၁) ရဟန်းတော်များ သီလ မေတ္တာ ခန္တီစသော အခြေခံ ရဟန်းကျင့်ဝတ်များ၌ လျော့ပါးအားနည်းခြင်း၊
နောက်ဆုံး လုံးဝ သိက္ခာမရှိခြင်း။
(၂) အတ္တ၀ါဒသည် ခေါင်းဆောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် အတွင်းလှိုက်၍မွှေခြင်း(နောက်ဆုံး ဗုဒ္ဓဘာသာ အမည်မျှသာခံ၌ အတ္တကို မဏ္ဍိုင်ထားသော မဟာယာနရဟန်းများ ဖြစ်လာရခြင်း၊ ထိုမှတစ်ဆင့် ဂိုဏ်းဘုန်း မှော်ဘုန်းကြီးအဖြစ်သို့ ရောက်ရှိသွားခြင်း)
(၃) နောက်ဆုံး ဘာသာခြားများတို့က အကြမ်းဖက်၍ နှိပ်စက်သတ်ခြင်း။ (မကြာမီကာလက မဟာယာန တန်ခိုးထွားသော နိုင်ငံငယ်တစ်ခုလည်း အိန္ဒိယပြည်ကဲ့သို့ ဖြစ်ရပြီ)
သဘာဝနှင့် သမိုင်းဖြစ်ရပ်ကို သိစေလို၍သာ ဝေဖန်ဖော်ပြခြင်း ဖြစ်ပါ၏။ ``လာမည့်ဘေး ပြေးတွေ့´´ဟူသကဲ့သို့ ယနေ့အချို့ရဟန်းများ အုံကျင်းဖွဲ့၍ လျှောက်နေသော လမ်းကြောင်းသည် မဇ္ဈိမပဋိပဒါ ကျ-မကျ စိစစ်၍ ဆင်ခြင်းသုံးသပ်နိုင်ရန်သာ ရည်ညွှန်းပါသည်။ ရာဇ၀င်ကြောင်းလာ ရန်သူများအား မလိုမုန်းထားခြင်းလည်း မရှိ။ ၀မ်းနည်းကြေကွဲ၍လည်းမဟုတ်။

စင်စစ် (၂-၃)အချက်များသည် လူသာမာန်တို့အတွက် ဇာတိမာန်ခေါ် မာန ဒေါသ ဣဿာမစ္ဆေရကိုသာ ပျိုးထောင်ပေးသော အပဓာနအကြောင်းများသာ ဖြစ်ကြ၏။ အကျိုးလည်းမများ အကြောင်းရင်းလည်းမဟုတ်။ အကြောင်းရင်းပင်မ ပဓာန ပဒဋ္ဌာန် အခြေခံမူလ ဇာစ်မြစ်ကျသော ယထာဘူတအကြောင်းကား ``ရဟန်းများ ရဟန်းလိုမနေခြင်းပင်တည်း။´´ ထိုသို့ နေပါဘိမူ (၂)အချက် တရားတုလည်း မမွှေနောက်နိုင်၊ (၃)အချက် ဓားလက်နက်လည်း မထိုးဖောက်နိုင်ချေတကား။ လို့ သုံးသပ်ပြထားပါတယ်။ ဆရာကြီးရဲ့ သုံးသပ်ချက်ဟာ အတိတ်သမိုင်းဖြစ်ရပ်နဲ့ ကိုက်ညီမှုရှိသလို ဘုရားရှင်ရဲ့အလိုတော်နဲ့ မဆန့်ကျင်တဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

သီဟိုဠ်ခေတ်မှာ သာသနာတော်ကြီးထဲကို ဗုဒ္ဓ၀ါဒခေါင်းဆောင်းထားသော ၀ါဒတုဝါဒယောင်များ ဗုဒ္ဓသားတော်ရဟန်းတော် ဆိုင်းဘုတ်ချိတ်ထားသော ရဟန်းတုရဟန်းယောင်များရဲ့ ပူးသတ်ခြင်းကို ခံရသလို ဘာသာခြားဘုရင်များရဲ့ ဘုန်းကြီးခေါင်းတစ်လုံးလျှင် ဆုတော်ငွေတစ်ထောင်ထုတ်ပြီး ဓားလှံလက်နက်တွေနဲ့ ဖျက်ဆီးခြင်းကိုလည်း ခံခဲ့ရပါတယ်။ ၄င်းတို့ဘာသာထဲမ၀င်ရင် ပွက်ပွက်ဆူနေတဲ့ ထောပတ်အိုးကြီးထဲကို နှစ်သတ်ခြင်းလည်း ခံခဲ့ကြရပါတယ်။ ဒါပေမယ့် သာသနာဝန်ထမ်းရှင်ရဟန်းတို့ဟာ သီလ သမာဓိ ပညာကြီးမားဖြင့် ဂန္ထဓူရ ၀ိပဿနာဓူရဟူသော ရဟန်းအလုပ်ကို ရဟန်းလုပ်ပြီး ရဟန်းက ရဟန်းလိုနေကြတာကြောင့် သာသနာကြီး အသက်မထွက်မခဲ့ရပါဘူး။ သီဟိုဠ်ခေတ်မှာ သာသနာတော်အပေါ် ကျရောက်ခဲ့တဲ့ ဘေးအန္တရာယ်ဟာ အိန္ဒိယမှာကျရောက်ခဲ့တာထက် အဆမတန်ပြင်းထန်ပါတယ်။ ဒါပေမယ့် အသက်မထွက်ခဲ့ပါဘူး။ အိန္ဒိယမှာ သာသနာကြီးအသက်ထွက်ခဲ့ရတာဟာ ရဟန်းတွေ ရဟန်းအလုပ်မလုပ် ရဟန်းက ရဟန်းလိုမနေပဲ ဗေဒင်ဘုန်းကြီး မှော်ဘုန်းကြီး ဆေးဘုန်းကြီးတွေဖြစ်သွားတာကြောင့်ပါ။

``ဝေဟပ္ဖိုလ်ဗြဟ္မာ့ဘုံတိုင်အောင် ကမ္ဘာကိုဖျက်စီးနိုင်သော မြေ-ရေ-လေ-မီးဟူသော အင်အားအကြီးမားဆုံး သော ဓာတ်ကြီးလေးပါးတို့သည်ပင် သဗ္ဗညုဘုရားရှင်တည်ထောင်ထားအပ်သော သာသနာတော်ကြီးကို မဖျက်စီးမကွယ်ပျောက်စေနိုင်။ ၀ါဒမတူသော ဘာသာခြားတို့ကား ဆိုဖွယ်ရာမရှိ။ သာသနာတော်ကို ဖျက်စီးပျောက်ကွယ်သွားစေမည့် အချည်းနှီးသော ယောကျာင်္းကား သံကိုသံဖျက် သံချေးတက်ဟူသကဲ့သို့ ဤသာသနာတော်အတွင်း၌ပင် ရှိနေ၏။ သာသနာတွင်းသား ရဟန်းများကိုယ်တိုင် ရတနာသုံးပါး သီလ သမာဓိ သိက္ခာတရားတို့၌ လေးစားရိုသေမှု မရှိခြင်းကြောင့်သာလျှင် သာသနာတော်အသက်တို၍ ကွယ်ပျောက်ရလိမ့်မည်´´လို့ ရှင်တော်မြတ်ဘုရားက နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် သဒ္ဓမ္မပဋိရူပကသုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်။

တကယ်တမ်း သာသနာတော်ကြီးကို အသက်ရှည်စေချင်တယ်ဆိုရင် ရဟန်းအလုပ် ရဟန်းလုပ်ဖို့လိုပါတယ်။ လူ့အလုပ်ဝင်မရှုပ်ရပါဘူး။ ပါးစပ်က ``သာသနာတော်ကြီးအသက်ရှည်စေချင်လို့´´ဆိုပြီး တဖွဖွပြောနေပေမယ့်လည်း ရဟန်းက ရဟန်းအလုပ်မလုပ်ပဲ လူ့အလုပ်ဝင်လုပ်နေရင် ထိုပုဂ္ဂိုလ်ကိုယ်တိုင်က သာသနာတော်ကို ဖျက်စီးနေသူပါ။ စာပေကျမ်းဂန်လာ ဘုရားဟော သာသနာအသက်ရှည်နည်းတွေကို မျက်ကွယ်ပြုပြီး ထင်တိုင်းကြဲနေလို့ကတော့ လတ်တလောသေစေတတ်တဲ့ အဆိပ်ဆေးသောက်ပြီး အသက်ရှည်ရပါလို၏လို့ ဆုတောင်းနေတဲ့သူနဲ့ အတူတူပါပဲ။

ရဟန်းလုပ်တွေဖြစ်တဲ့ ဂန္ထဓူရ ၀ိပဿနာဓူရကို မလုပ်ပါပဲ လမ်းပေါ်ဂဒီးဒီး ထွက်လျှောက်နေတာဟာ သာသနာတော်ကြီးကို အသက်မြန်မြန်တိုစေတဲ့ အကျိုးရလဒ်ပဲ ရရှိပါလိမ့်မယ်။ သာသနာတော်ကြီးကို အမှန်တကယ် အသက်ရှည်စေလိုသော ရဟန်းတော်များအနေနဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ သာသနာကွယ်ကြောင်းတရားတွေနဲ့ မိမိတို့လုပ်နေတဲ့အလုပ်တွေကို ချိန်ထိုးပြီး ``ငါတို့တွေလုပ်နေတဲ့ အလုပ်တွေဟာ သာသနာအသက်ရှည်ကြောင်းလား အသက်တိုကြောင်းလား´´ဆိုတာကို နဖူးပေါ်လက်တင်ပြီး အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ကြဖို့ကောင်းပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ကင်းရှင်းစွာဖြင့် အတ္တကို ရှေ့တန်းမတင်ပဲ သာသနာတော်ရှေ့ရဲ့ကို မျှော်တွေးပြီး ဟုတ်တိုင်းမှန်စွာ ဆင်ခြင်သုံးသပ်တော်မူနိုင်ကြပါစေ။ 

No comments: