Friday, May 23, 2014

အိမ်နီးချင်းကောင်းများ လိုသည်





မိမိနေထိုင်သော အရပ်နှင့် အနီးအနား တစ်ဝိုက်တွင် အတူတကွ ယှဉ်တွဲနေထိုင်ရသူများကို အိမ်နီးချင်းများဟု ခေါ်ကြသည်။ ဆက်ဆံချင်သည်ဖြစ်စေ မဆက်ဆံချင်သည်ဖြစ်စေ အဆိုပါအရပ်တွင် နေထိုင်နေသမျှ မိမိအနီးတစ်ဝိုက်ရှိ အိမ်နီးချင်းများနှင့် ခေါ်ပြောဆက်ဆံနေရဦးမည်သာ ဖြစ်သလို ကပ်လျက်ရှိသော သူ့အိမ်ကိုယ့်အိမ် အရေးကိစ္စများအတွက် ပူးပေါင်းဖြေရှင်းမှုများ ပြုလုပ်နေရဦးမည်သာ ဖြစ်သည်။
လူတစ်ဦး တစ်ယောက်ချင်း၊ မိသားစုချင်း အိမ်နီးချင်း ဆိုသည်မှာ ရှိသလို နိုင်ငံအချင်းချင်းလည်း အိမ်နီးချင်းဆိုသည်မှာ ရှိသည်သာဖြစ်သည်။ လူတစ်ဦး တစ်ယောက်အနေဖြင့် မိမိအိမ်နီးချင်းနှင့် အဆင်မပြေလျှင်မှ အိမ်ပြောင်းရွှေ့လို့ ရနိုင်သေးသည်။ နိုင်ငံချင်း ထိစပ်လျက်ရှိသည့် နိုင်ငံအိမ်နီးချင်း ဆိုသည်မှာတော့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ၊ ဆက်ဆံချင်သည်ဖြစ်စေ၊ မဆက်ဆံချင်သည်ဖြစ်စေ ရွေးချယ်ခွင့်မရှိဘဲ ကမ္ဘာတည်သရွေ့ အိမ်နီးချင်းအဖြစ် ဆက်လက်တည်ရှိသွားမည်သာ ဖြစ်သည်။ အိမ်နီးချင်းကောင်း နိုင်ငံများနှင့် အတူယဉ်တွဲ နေထိုင်ခြင်းဖြင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေသည်များ ရှိသလို ဆိုးရွားသော အိမ်နီးချင်းနိုင်ငံများနှင့် အတူယှဉ်တွဲ နေထိုင်ရခြင်းအားဖြင့်လည်း နိုင်ငံအတွက် အကျိုးယုတ် ပျက်စီးစေသည်များလည်း ရှိသည်ကို မြင်တွေ့နိုင်ပါလိမ့်မည်။ ဥပမာအားဖြင့် ရုရှား-ဂျော်ဂျီယာ အရေးအခင်း၊ ရုရှား-ယူကရိန်း အရေးအခင်းများသည် ရွေးချယ်ခွင့်မရှိသော အိမ်နီးချင်းများ၏ သက်ရောက်မှုကို အတူထိစပ်လျက်ရှိသော နိုင်ငံများ ခံစားရခြင်းပင် ဖြစ်သည်။
ပထ၀ီ အနေအထားအရ မြန်မာနိုင်ငံသည် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအိုနှင့်ထိုင်း၊ အနောက်ဘက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံပေါင်း ငါးနိုင်ငံနှင့် အိမ်နီးချင်းများအဖြစ် ဆက်စပ်ထိစပ်လျက်ရှိပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံလုံးနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိသည့် တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲအားယူနေသည့် နိုင်ငံတစ်နိုင်ငံအဖို့ အိမ်နီးချင်း နိုင်ငံကောင်းများနှင့် ထိတွေ့ဆက်ဆံနိုင်ရေးမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အကြောင်းတစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံအဖို့ ကိုယ့်ဘက် တစ်ဘက်တည်းကိုသာ မကြည့်တတ်သည့်၊ တာဝန်ယူတတ်သည့်၊ နိုင်ငံကြီးကောင်းပီသည့် အိမ်နီးချင်း နိုင်ငံကောင်းများကို လိုအပ်ပါသည်။ သို့သော် နိုင်ငံရေး အခြေအနေများကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဝေးကွာခဲ့ရပြီး အထီးကျန် နေထိုင်ခဲ့ရသည်။ ထိုသို့ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု ကင်းမဲ့နေသည့် အချိန်၊ ပိတ်ဆို့အရေးယူမှုများ ခံနေရသည့် အချိန်တွင် ထိုအခြေအနေများကို အခွင့်ကောင်းယူသွားသည့် အင်အားကြီး နိုင်ငံအချို့၏ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုကို မြန်မာနိုင်ငံသည် ခါးသီးစွာ ခံစားခဲ့ရသည်။ ထို့အတူပင် လက်နက်ကိုင် ဘာသာရေး အစွန်းရောက်များကို ခိုလှုံခွင့်ပေးထားပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို မသိချင်ယောင် ဆောင်ထားခြင်း၊ လူဝင်မှုပြဿနာ အရေးနှင့် ခိုးဝင်များ စိမ့်ဝင်နေခြင်းကို တားဆီးဖြေရှင်းရန် ပျက်ကွက်ခြင်းတို့ကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်း၊ ဒေသခံ တိုင်းရင်းသားများ၏ အသက်အိုးအိမ် စည်းစိမ်များ လုယက်ဖျက်ဆီး ခံရခြင်းများနှင့်လည်း ကြုံတွေ့နေရသည်။
ထို့ကြောင့် ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်ရမည်ဖြစ်သည့် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ မကြည့်ဘဲ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တာဝန်ယူမှုရှိရှိနှင့် အိမ်နီးချင်းကောင်းများ ပီသစွာ အတူယှဉ်တွဲ နေထိုင်သွားသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။
၂၀၁၄ မေလ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

No comments: