ဥက္ကာကိုကို
အတွဲ (၁၃)၊ အမှတ်(၁၃)
သူတည်ထောင်ပေးထားသည့် တစ်နိုင်တစ်ပိုင် ပဲနို့လုပ်ငန်းလေး အောင်မြင်လာလိမ့်မည်ဟု အီလင်းန်(Eileen Lui) တစ်ယောက် ခိုင်မာစွာမျှော်လင့်ထားသည်။ အောင်မြင်အောင်လည်း သူ့ရဲ့ကလေးတွေက ဆောင်ရွက်ကြလိမ့်မည်။ ဒီလုပ်ငန်းလေးအောင်မြင်နေမှ လူငယ်စင်တာလေး ရပ်တည်လို့ရမှာ ဖြစ်သည်။ ကလေးများ၏ အနာဂတ်ကောင်းစားရေးသည်လည်း ပဲနို့လုပ်ငန်းလေးအပေါ် မူတည်နေသည်။ လုပ်ငန်းအောင်မြင်မှုက အခြားကလေးငယ်များအတွက် စံပြဖြစ်လာမည်ဟု သူကခံယူသည်။
အီလင်းန်က မလေးရှားနိုင်ငံသူ ဖြစ်သည်။ တရုတ်လူမျိုး ခင်ပွန်းဖြစ်သူက မြန်မာနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့်အခါ အီလင်းန်လည်း လိုက်ပါလာခဲ့သည်။ ဒီရောက်တော့ ပရဟိတလုပ်ငန်းကို ၀ါသနာကြီးသူ အီလင်းန်က မြန်မာနိုင်ငံရှိ မိဘမဲ့ကျောင်းတချို့ကို ဆက်သွယ်ကာ စာသွားသင်ပေးသည်။
ကိုယ်တတ်နိုင်သလောက် ငွေကြေးလေးများ စိုက်ထုတ်ကာ မိဘမဲ့ကလေးများအတွက် ကူညီပေးခဲ့သည်။ ပထမဆုံးကူညီ၍ စာသင်ကြားပေးသည့်ကျောင်းမှာ မြောက်ဥက္ကလာပမြို့နယ်မှ နန်းဦးဘုန်းတော်ကြီးကျောင်းတွင် ဖြစ်သည်။ ထို့နောက် အင်းစိန်ရှိ Hosana ကျောင်း၊ မြောက်ဒဂုံမြို့နယ်ရှိ Life Garden ကျောင်းတို့နှင့် ဆက်သွယ်ဖြစ်ခဲ့သည်။
ကလေးအရေအတွက်များလာသဖြင့် အားလုံးကို ကူညီထောက်ပံ့ရန် မတတ်နိုင်သည့်အတွက် အီလင်းန်က မလေးရှားရှိ မိဘဆွေမျိုးများထံ အကူအညီတောင်းခံခဲ့ရသည်။ မလေးရှားရှိ သူ့သူငယ်ချင်းများနှင့် အိမ်မှပို့ပေးသည့် ငွေကိုစုစည်းကာ Children of Tomorrow အမည်ဖြင့် လူငယ်သင်တန်းကျောင်းလေးတစ်ခုကို တစ်နိုင်တစ်ပိုင် ဖွင့်လှစ်နိုင်ခဲ့သည်။
‘‘အလှူတွေ လုပ်နေရင်းနဲ့ စဉ်းစားမိတာက အ၀တ်အစားတွေ ထောက်ပံ့နေရုံနဲ့မရဘူး။ ပညာရေးကို ပိုအရေးကြီးတယ်ဆိုပြီး သူငယ်ချင်းတွေ ထောက်ပံ့ပေးတဲ့ငွေနဲ့ သင်တန်းတွေပေး၊ စာသင်ပေးတာပါ’’ဟု အီလင်းန်ကဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ထောင်စုရိပ်မွန် အိမ်ရာတွင် ဖွင့်လှစ်ထားသည့် Children of Tomorrow Youth Center ၌ ကလေးအယောက်ငါးဆယ်ခန့်ကို ဆရာတချို့ငှားလျက် စာသင်ကြားပေးခဲ့သည်။ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်းတို့ကို ပို့ချပေးနေခြင်းဖြစ်ကာ ဂီတသင်တန်းကို သူကိုယ်တိုင်သင်ကြားပေးသည်ဟု ဆိုသည်။ သင်တန်းသားများမှာ နန်းဦးကျောင်း၊ Hasana ကျောင်း၊ Life Garden ကျောင်းတို့မှ မိဘနှင့်ဝေးနေသည့် ကလေးငယ်များဖြစ်ပြီး အသက် ၁၄ နှစ်အထက် အရွယ်များကို ရွေးချယ်ခေါ်ယူကာ တနင်္ဂနွေနေ့တိုင်း သင်တန်းပေးခြင်းဖြစ်သည်။ မကြာမီတွင် ကွန်ပျူတာသင်တန်းကိုပါ လေ့ကျင့်သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိသည်။
အီလင်းန်တို့ဇနီးမောင်နှံ မြန်မာနိုင်ငံသို့ရောက်လာသည်မှာ ၂ နှစ်ရှိပါပြီ။ ပရဟိတကို ၀ါသနာကြီးသည့် အီလင်းန်က ယခုနှစ် ဇန်န၀ါရီလတွင် Youth Center ကို တည်ထောင်လိုက်ခြင်းဖြစ်သည်။ မိဘမဲ့ကျောင်းများမှ ကလေးများက ကျောင်းတွင် လွတ်လပ်စွာတွေးခေါ်နိုင်မှု နည်းပါးနိုင်သည်ဟုယူဆ၍ အီလင်းန်က Youth Center သို့ ခေါ်ယူကာ စိတ်ဓာတ်ပိုင်းနှင့် ပညာပိုင်းကို လေ့ကျင့်သင်ကြားပေးနေခြင်းပင်။
‘‘အပြင်မှာ စိတ်အပြောင်းအလဲလေး ဖြစ်သွားအောင်ပေါ့။ ကျောင်းမှာကျတော့ ဘုန်းကြီးကို ကြောက်နေရတာမျိုး ရှိနိုင်တယ်။ သူတို့လေးတွေ ပြောချင်တာကို လွတ်လပ်စွာပြောနိုင်အောင်၊ တွေးခေါ်နိုင်အောင် တနင်္ဂနွေနေ့တိုင်းခေါ်ပြီး သင်ပေးတာပါ’’ဟု သူကပြောသည်။
တနင်္ဂနွေနေ့တိုင်း စင်တာသို့ လာရောက်သင်ကြားသည့် ကလေးငယ်များက ပို့စကတ်များ၊ ပြက္ခဒိန်လေးများကို ပြုလုပ်ကြသည်။ ထိုအမှတ်တရပစ္စည်းလေးများကို မလေးရှားနိုင်ငံသို့ပို့ကာ မလေးရှားရှိ အီလင်းန်၏သူငယ်ချင်းများက စင်တာရန်ပုံငွေအတွက် ကူညီရောင်းချပေးကြသည်။
‘‘ပထမဆုံးအခက်အခဲက ကလေးတွေကို သင်ပေးရတာပါ။ သူတို့ဆီမှာ အိပ်မက်တွေရှိတယ်။ သူတို့က Oxford တက္ကသိုလ်ကို သွားပညာသင်ချင်ကြတယ်။ အဲဒါက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သူတို့ကြိုးစားကြဖို့လိုပါတယ်။ နောက်တစ်ခုက သူတို့ကိုယ်တိုင် စဉ်းစားတတ်ဖို့ သင်ကြားပေးဖို့ပါ။ အဲဒါကလည်း သူတို့ ရင့်ကျက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ကလေးတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်ပါတယ်။ တကယ်လို့သာ သူတို့က Oxford တက္ကသိုလ်ကို သွားပညာသင်ဖြစ်ခဲ့ရင် သိပ်ကောင်းပါတယ်။ ကျွန်မတို့လည်း သိပ်ဝမ်းသာပါတယ်။ ဒါပေမဲ့ နင်တို့သွား နောက်ပြန်လာရင် ငါတို့ကို ပိုက်ဆံပြန်ပေးရမယ်လို့ ကျွန်မ တစ်ခါမှမပြောဖူးပါဘူး’’ဟု အီလင်းန်က ပြောပြသည်။
သူတည်ထောင်ထားသည်မှာ အစိုးကျောင်းမဟုတ်၊ ပုဂ္ဂလိကစာသင်ကျောင်းမဟုတ်၊ ကျောင်းပညာရေးမဟုတ် သင်တန်းတွေပဲ ဖြစ်သည်။ အင်္ဂလိပ်စာတိုးတက်လာရန်နှင့် ဘ၀အတွက် စိတ်ဓာတ်ခွန်အားများ ရရှိစေရန် သူကရည်ရွယ်သည်။ ကလေးများကို စာသင်နေရင်းနှင့် အီလင်းန်တစ်ယောက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ပါသည်။ မလေးရှားမှပို့ပေးသည့် မိဘနှင့် သူငယ်ချင်းများထံမှ အလှူငွေများက ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်ကြောင်း အီလင်းန် သဘောပေါက်ခဲ့သည်။
ထို့အတွက် သူ့စလုပ်လိုက်တာကတော့ ပဲနို့လုပ်ငန်းပဲ ဖြစ်သည်။ တစ်နိုင်တစ်ပိုင် ပဲနို့လုပ်ငန်းအတွက် ပဲနို့ထုတ်လုပ်သည့်စက်နှင့် လိုအပ်သည့်ပစ္စည်းလေးများကို ၀ယ်ယူကာ Soy Ai အမည်ဖြင့် လုပ်ငန်းစခဲ့သည်။ ထိုလုပ်ငန်းကို အီလင်းန် ဆောင်ရွက်ခြင်း မဟုတ်ပါ။ သူ ကူညီပေးနေသည့် မိဘမဲ့စာသင်ကျောင်းသုံးခုမှ အလုပ်လုပ်၍ ဘ၀ကို ရပ်တည်လိုသည့် လူငယ်လေးများကို ရွေးချယ်ခေါ်ယူကာ လုပ်ကိုင်စေခြင်းဖြစ်ပါသည်။ နန်းဦးဘုန်းတော်ကြီးစာသင်ကျောင်းနှင့် အခြားကျောင်းမှ ဆယ်ကျော်သက်အရွယ် လူငယ်လေးဦးက သူ့ဆီမှာ ပဲနို့လုပ်ငန်းကို စတင်လုပ်ကိုင်လိုက်ကြသည်။
Soy Ai ပဲနို့ထုတ်လုပ်ခြင်းကို စနစ်တကျသင်ကြားပေးပြီး စတင်ခဲ့သည်မှာ လေးလသာရှိသေးသည်။ ဈေးကွက်အတွင်း ဖြန့်ဝေခြင်းမဟုတ်ဘဲ မိဘမဲ့ကျောင်းများသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။ ပဲနို့ဖြန့်ဝေခြင်းပရိုဂရမ်တွင် မိဘမဲ့ကလေးကျောင်းများ၏ စာရင်းရှိသည်။ ကုမ္ပဏီတစ်ခုခုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ Soy Ai ပဲနို့ကို အနည်းဆုံး ခြောက်လစာတစ်ဗူးလျှင် တစ်ထောင်နှုန်းဖြင့် ၀ယ်ယူလျက် မိဘမဲ့ကျောင်းများသို့ လှူဒါန်းလိုပါက အီလင်းန်၏ Soy Ai လုပ်သားလေးများက တစ်ပတ်တစ်ကြိမ် ပို့ဆောင်ပေးကြသည်။
ပဲနို့လုပ်ငန်းမှ ရရှိလာသည့် လစဉ်ဝင်ငွေမှ ၃၀ ရာခိုင်နှုန်းကို Youth Center ၏ ပညာရေးအတွက် အသုံးပြုပြီး ၃၀ ရာခိုင်နှုန်းကို စင်တာတွင် လိုအပ်သည့် သင်တန်းများအတွက် အသုံးပြုသည်။ နောက်ထပ် ၃၀ ရာခိုင်နှုန်းကို ပဲနို့လုပ်ငန်းဖွံ့ဖြိုးရေးအတွက် အသုံးပြုပြီး ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းကိုတော့ ပဲနို့လုပ်ငန်းအဖွဲ့ဝင် လူငယ်လေးများ အပိုကြေးငွေအဖြစ် ခွဲဝေသုံးစွဲကြခြင်းဖြစ်သည်။
‘‘တချို့က အသက်(၂၀)ကျော်နေပြီ။ အလုပ်မလုပ်ဘဲ နေကြတုန်း။ အပြင်လည်း မထွက်ရဲကြဘူး။ အဲဒါမှားတယ်။ သူတို့တွေ ကိုယ်တိုင်ရပ်တည်နိုင်အောင်၊ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ဖို့အတွက် ကျွန်မ ဒါကိုစခဲ့တာဖြစ်ပါတယ်’’ဟု အီလင်းန်ကပြောသည်။
အီလင်းန်က ပဲနို့လုပ်ငန်းအဖွဲ့ဝင် လူငယ်လေးဦးကိုသာ အလုပ်ပေးထားခြင်းမဟုတ်ပါ။ ဆယ်တန်းမအောင်သည့် လူငယ်နှစ်ဦးကိုလည်း City Mart ဈေးဝယ်စင်တာတွင် အရောင်းဝန်ထမ်းအဖြစ် အလုပ်သွင်းပေးထားပါသည်။ စက်ရုံတစ်ခုတွင် လူငယ်တစ်ဦးကို အလုပ်လုပ်ခိုင်းထားပြီး ကျန်တစ်ဦးကို HTC ကုမ္ပဏီတွင် အလုပ်ဝင်လုပ်စေရာမှ ယခုဆိုလျှင် ကြော်ငြာဌာန၏ မာကက်တင်းအမှုဆောင်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ပါသည်။
အလုပ်သွင်းပေးသည်ဟုဆိုရာ၌ အီလင်းန်က အလုပ်ရှင်များကို ပြောဆိုကာ အလုပ်ဝင်ခိုင်းခြင်းမဟုတ်။ အလုပ်ခေါ်စာတွေ့သည့်အခါ အလုပ်လုပ်လိုသည့် မိဘမဲ့လူငယ်လေးများကို အလုပ်လျှောက်ရန် စေလွှတ်ခြင်းဖြစ်သည်။ မိမိတို့အရည်အချင်းနှင့်ပင် အလုပ်ဝင်စေခဲ့သည်။ ထို့အတွက် လိုအပ်သည့် အသေးအဖွဲ့ကိစ္စများကိုသာ အီလင်းန်က ကူညီပါသည်။
နောက်ထပ်လည်း အလုပ်လုပ်ချင်သည့် မိဘမဲ့ကလေးများကို သူက ကူညီသွားဦးမည်ဟု ဆိုသည်။ အလုပ်လုပ်ကိုင်လိုစိတ်ရှိသည့် ကလေးများကိုသာ ကူညီခြင်းဖြစ်ပြီး အတင်းအကျပ်လုပ်ရန် တိုက်တွန်းခြင်းမရှိဟုလည်း ပြောသည်။
အီလင်းန်က ဆင်းရဲသည့် မလေးရှားမိသားစုလေးတစ်ခုမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ အလွန်ဆင်းရဲသည့်ဘ၀ကို ဖြတ်သန်းခဲ့ရသော်လည်း အီလင်းန်၏စိတ်ဓာတ်က သူများကသနားပြီး ကူညီမှုကို လက်မခံလိုသူပင်။ သူက စာအလွန်ကြိုးစား၍ ပညာကိုထူးချွန်အောင် သင်ယူခဲ့သည်။ ထို့ကြောင့် သြစတြေးလျနိုင်ငံမှ ပညာသင်ဆုတစ်ဆုကို ရရှိ၍ ကျောင်းသွားတက်ခဲ့ရသည်။ ကျောင်းတက်ရင်း အပြင်အလုပ်လုပ်ကာ ငွေစု၍ မလေးရှားတွင် ကျန်ခဲ့သည့် မိသားစုကို ပြန်ထောက်ပံ့နိုင်ခဲ့သည်။ သူကြိုးစားဖြတ်သန်းပုံများကို အီလင်းန်က မိဘမဲ့ကလေးများအား အမြဲပြောပြလေ့ရှိသည်။ ကလေးများအတွက် စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပေးမှုမှာ သူ့ဘ၀ဇာတ်ကြောင်းပဲ ဖြစ်ပါသည်ဟု သူကဆိုသည်။
‘‘ဘာပဲဖြစ်ဖြစ် ကျွန်မမှာ မိသားစုရှိသေးတယ်။ ကလေးတွေအတွက် စိတ်မကောင်းတာက သူတို့က မိသားစုနဲ့အတူမနေရဘူး။ လမ်းမှန်ပြပေးမယ့်သူမရှိဘူး။ ကျွန်မတောင် ကြိုးစားလာခဲ့ပြီး ဖြစ်လာမှတော့ ကလေးတွေလည်း ဖြစ်ရမယ်ဆိုပြီး ကျွန်မအကြောင်းကို ပြောပြဖြစ်တယ်’’ ဟု အီလင်းန်က ပြောသည် ။
အီလင်းန်၏အမျိုးသား မစ္စတာရစ်ချက်က Samsaung ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်နေသူဖြစ်၏။သျှောင်နောက်ဆံထုံးပါ အီလင်းန်ကလည်း မြန်မာနိုင်ငံသို့ လိုက်ပါလာရပြီး ယခုကဲ့သို့ မြန်မာကလေးငယ်တို့အတွက် ပရဟိတကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေခြင်းဖြစ်သည်။
ယခု စင်တာဖွင့်လှစ်ထားသည့် ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ လုံးချင်းအိမ်မှာ အသိတစ်ယောက်က ခေတ္တပေးထားခြင်းဖြစ်သည်။ အီလင်းန်တို့ဇနီးမောင်နှံ မလေးရှားသို့ ပြန်ကြရမည့် တစ်နေ့တွင် ယင်းစင်တာလေးကို ထားရစ်ခဲ့ရမည်။ ထိုအခါ Youth Center တွင် Soy Ai ပဲနို့လုပ်ငန်း လုပ်ကိုင်နေကြသည့် လူငယ်လေးများသာ ကျန်ရစ်ခဲ့လိမ့်မည်။ ပဲနို့လုပ်ငန်းအောင်မြင်မှသာ သူတို့အနာဂတ်အတွက် အဆင်ပြေမှာဖြစ်သည်။ သူတို့ကို အီလင်းန်က တစ်သက်လုံး မစောင့်ရှောက်ပေးနိုင်ပါ။
‘‘ပဲနို့စီးပွားရေးလေး အောင်မြင်လာလို့ရှိရင် သူတို့နေရာလေးတစ်ခုရှာနိုင်ရန် နေရာဝယ်ချင်ဝယ်ကြမှာပေါ့။ ပဲနို့လုပ်ငန်း အောင်မြင်နေသရွေ့ ဒီစင်တာလေး ရှိနေမှာပါ။ အခုလည်း သူတို့ အရမ်းကြိုးစားနေကြပါတယ်’’ဟု အီလင်းန်က သူ့အနီးတွင်ထိုင်နေကြသည့် SoyAi ပဲနို့လုပ်ငန်း အဖွဲ့သား လူငယ်လေးများကိုကြည့်၍ ပြောပါသည်။
အာဟာရပြည့်ဝသည့် ပဲနို့လုပ်ငန်းသည် မိဘမဲ့ကလေးများအတွက် ကိုယ်ပိုင်ရပ်တည်မှု၊ အသက်မွေးဝမ်းကျောင်းမှုနှင့် နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ကလေးများ ဘ၀တိုးတက်ရေးကိုသာမက ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများပါ ဖန်တီးပေးနိုင်ရန်လည်း ရည်ရွယ်ထားသည်။
လက်ရှိတွင် SoyAi ပဲနို့လုပ်ငန်းလေးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိဘမဲ့ဂေဟာသုံးခုမှ ကလေးငယ်များအတွက် ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှုပညာ ဖွံ့ဖြိုးတတ်မြောက်ရေးနှင့် စားဝတ်နေရေးအတွက် အထောက်အပံ့ပေးလျက်ရှိသည်။ ကလေးများကို ဆင်းရဲမှုမှ လွတ်ကင်းစေကာ အလှူငွေကိုသာ အမြဲတမ်းမမှီခိုဘဲ ကိုယ်စွမ်းကိုယ်စဖြင့် ရပ်တည်စေလိုခြင်းလည်း ဖြစ်ပါသည်။
‘‘ကျွန်တော်တို့ဘ၀တွေဟာ လွယ်ကူအဆင်ပြေတဲ့ မိသားစုမျိုးက လာခဲ့ကြရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘ၀တွေ ကြမ်းတမ်းခဲ့ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ စာသင်ဖို့၊ နေစရာရဖို့၊ ထမင်းစားရဖို့တောင် ပိုက်ဆံမရှိကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သနားစရာဘ၀တွေအဖြစ်နဲ့ အလှူငွေလှူမယ့်သူတွေကိုသာ အားကိုးမနေချင်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်ပါတယ်။ ကျွန်တော်တို့ကို ထောက်ပံ့ကျွေးမွေးခဲ့တဲ့ ဂေဟာတွေအတွက် အဖိုးတန်အားထားရတဲ့သူမျိုးပဲ ဖြစ်ချင်ပါတယ်။ ဘ၀မှာ ဘယ်လိုအခက်အခဲမျိုးတွေပဲရှိရှိ ကျွန်တော်တို့ ကြိုးစားရှင်သန်ရပ်တည်မှာပါ။ ကျွန်တော်တို့ဟာ အောင်နိုင်သူများဖြစ်မယ့်လမ်းကိုသာ ရွေးချယ်လိုက်ပါပြီ။ ကျွန်တော်တို့က ဒုက္ခသည်တွေ မဟုတ်ကြပါဘူး’’ဟု Soy Ai ပဲနို့လုပ်ငန်းလေး၏ လက်ကမ်းစာစောင်တွင် ရေးသားထားသည်ကို တွေ့ရသည်။
‘‘ကျွန်တော်က နန်းဦးဘုန်းတော်ကြီးကျောင်းကနေ ဒီရောက်လာတာပါ။ နယ်မှာ ကျောင်းမတက်ဘဲ ခဏခဏပြေးနေလို့။ ဆိုးနေလို့ အဖေက နန်းဦးကျောင်းကို ပို့လိုက်တာ။ ရှစ်တန်းအထိ သင်ဖူးတယ်။ အရင်က စကားမပြောရဲဘူး။ လူတွေနဲ့ပြောဆိုရင် အရမ်းရိုင်းတယ်။ အခု ဒီစင်တာကိုရောက်မှ ပြောတာ၊ ဆိုတာ သိသာလာတယ်’’ ဟု Soy Ai အဖွဲ့လေးတွင် လုပ်ကိုင်နေသည့် တောင်ကြီးမြို့မှ အသက်(၁၉)နှစ်အရွယ် စောမောင်ကပြောသည်။
SoyAi အဖွဲ့လေးကို လူငယ်လေးဦးက ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ သူတို့ထဲတွင် အသက်(၁၈)နှစ်အရွယ် သန်းတင့်အောင်က မြင်းခြံမြို့မှဖြစ်ပြီး မိဘအဆင်မပြေခြင်းကြောင့် နန်းဦးကိုရောက်ရှိလာပြီး ယခု စင်တာသို့ထပ်ရောက်ကာ အလုပ်လုပ်ကိုင်နေသူ။ အသက်(၁၇)နှစ်အရွယ် မြစ်ကြီးနား၊ ၀ိုင်းမော်မှ ခေါင်ဒေါင်ကတော့ မိဘများက ပညာတတ်စေလို၍ ရန်ကုန်သို့ပို့လိုက်သူဖြစ်ကာ အနှိမ်ခံရမှုများရှိခဲ့၍ ဆယ်တန်းကိုမဖြေဘဲ ရပ်ပစ်လိုက်ပြီး ယခုနှစ်ပြန်ဖြေမည်ဟု အားတင်းထားသူ။ အသက်(၁၈)နှစ်အရွယ် ဆီဆိုင်မြို့မှ ပအိုဝ်းတိုင်းရင်းသား ခွန်ကျော်အိုးကတော့ မူးယစ်ဆေးဝါးပေါသည့် နယ်မြေမှလာရောက်သူ။
သူတို့သည် တစ်လလျှင် နှစ်သိန်းမှ လေးသိန်းဝန်းကျင်အထိ ကုန်ကျစရိတ်ရှိသည့် ထိုစင်တာလေး ရေရှည်ရပ်တည်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားနေကြသည်။ မြန်မာနိုင်ငံမှ ချို့တဲ့နွမ်းပါးသော မိဘမဲ့ကလေးများနှင့် မပြည့်စုံသည့် ကလေးများ၏ပညာရေးကို တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးလိုသည့် အီလင်းန်၏ဆန္ဒကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေကြသည်။ ပဲနို့လုပ်ငန်းအောင်မြင်လျှင် စင်တာလေး အသက်ရှည်မည်။ ဒါမှသာ အခြားမိဘမဲ့ကလေးများကို ပညာရေး သင်တန်းပေးနိုင်မည်။ အလုပ်လည်း ပေးနိုင်လိမ့်မည်။
ယခုအခါ အီလင်းန်က မလေးရှားတွင် ယခုကဲ့သို့ စင်တာနှင့် လုပ်ငန်းလုပ်ကိုင်နိုင်ရန် စီစဉ်ထားပြီဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း HIV/AIDA မိဘမဲ့ကလေး ဂေဟာများကိုလည်း စတင်ကူညီနေပြီဖြစ်သည်။ မြန်မာနိုင်ငံမှ Soy Ai ပဲနို့လုပ်ငန်းလေးက သူ့အတွက် အရေးကြီးဆုံးအိပ်မက် ဖြစ်လာသည်။
‘‘သူတို့ အောင်မြင်မယ်လို့ ထင်တယ်။ သူတို့ဘ၀ကို သူတို့လက်နဲ့ သူတို့ကိုယ်တိုင် ပြောင်းလဲနိုင်ရမယ်။ ပဲနို့လုပ်ငန်းအောင်မြင်သွားရင် သူတို့ဘ၀လည်း အောင်မြင်မှာပဲ။ ဒီလုပ်ငန်းအောင်မြင်လာရင် တစ်နိုင်ငံလုံးက မိဘမဲ့ကလေးတွေအတွက် စံပြဖြစ်ပြီး ကြိုးစားချင်စိတ်တွေ ရှိလာကြမှာပဲ။ မိဘမဲ့ကလေးတွေ အလုပ်လုပ်ချင်စိတ် ရှိလာရင်လည်း ကူညီပေးမယ်’’ဟု အီလင်းန်က တက်ကြွစွာပြောပါသည်။ ။
No comments:
Post a Comment