Jun 29, 2014
မြန်မာတို့သည်အလွန်တရာပျော်ရွှင်တတ်သည့်လူမျိုးဖြစ်သည်။ မြန်မာတို့အတွက် ပျော်ရွှင်စရာ ကောင်းသည့် ပွဲတော်များသည်လည်း လတိုင်းလိုလို ရှိသည်။ နဂိုမူလ ဗီဇအခံကိုယ်နှိုက်ကပင် ပျော်ရွှင် တတ်သည့်အပြင် ရိုးရာအစဉ်အလာများကလည်း ပျော်ရွှင်မြူးထူးစရာကောင်းသည့် ပွဲတော်ယဉ်ကျေးမှုက လည်း အားကောင်းမောင်းသန်ပျံ့နှံ့ထွန်းကားပြန်ရာ မြန်မာတို့၏ပျော်ရွှင်တတ်သည့် အစဉ်အလာတို့က တိုင်းခြားပြည်ခြားသူများအတွက်ပြောစမှတ်တွင်သည်အထိ ဖြစ်သည်။ ထို့ကြောင့်လည်း
နိုင်ငံတကာဘာသာ စကားဖြင့် မြန်မာလူမျိုးတို့၏စိတ်နေသဘောထား၊ စရိုက်ကိုဖော်ပြသည့်အခါ့  happy-go-lucky People ဟု ရေးသားဖော်ပြခြင်း ဖြစ်သည်။
မြန်မာတို့သည် ပျော်ပျော်နေတတ်သည့် လူမျိုးဖြစ်သည့်အပြင်အခြားဝိသေသထူးသည့် လက္ခဏာ တစ်ရပ်လည်းရှိသည်။ ထိုလက္ခဏာက အဘိဓမ္မာအရာ၌ အထူးအားသန်ခြင်းပင် ဖြစ်သည်။ ဝိနည်းကို အထူးဂရုပြုသည့်နိုင်ငံက သီရိလင်္ကာ၊ သုတ္တန်ကို အလေးထားသည်ကထိုင်းနိုင်ငံ၊ အဘိဓမ္မာကို ကိုးကွယ် သည်က မြန်မာ၊ ထို့ကြောင့်ပင်လားမဆိုနိုင်၊ သဘောတရားရေးရာ၊ အယူဝါဒရေးရာတွင် တက်ကြွသလောက်၊ လက်တွေ့ပိုင်းတွင် သိပ်ခရီးမရောက်လှဟု ထင်ပါသည်။
ယုံကြည် သက်ဝင်မှုပိုင်းအရအဘိဓမ္မာပိုင်းတွင် အားသန်ပြီး လူမှုနေ့စဉ်ဘဝတွင် ပျော်ပျော်နေတတ် သည့် မြန်မာ့လူမျိုးသည် နိုင်ငံရေးဖြစ်စဉ်တွင်မူ အချင်းချင်း ယုံမှားသံသယလွန်ကဲတတ်သည့် သဘောကိုတော့ စိတ်မကောင်းကြီးစွာ တွေ့ရသည်။
တပ်မတော်အစိုးရလက်ထက်ကာလမှ ယခုအချိန်ကာလအထိ(နောက်နောင်ကာလများကိုပါ စိတ် ကြိုက်တွေ့လျှင် ထည့်နိုင်သည်)ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်များနှင့်ပတ်သက်ဆက်စပ်ပြီး ဖန်တစ်ရာတေအောင် ပြောဆိုသုံးနှုန်းကြသည့်စကားလုံးရှိသည်။ နေရာအလိုက်၊ ဒေသအလိုက်၊ နောက်ခံ
အလိုက်အနည်းနှင့် အများ ကွဲလွဲနိုင်သော်လည်း တူညီသော သဘောတစ်ခုမှာ’အာရုံလွှဲခြင်း’ ဟူသော စကားရပ်ပင်ဖြစ်သည်။
ယခင်တပ်မတော်အစိုးရလက်ထက်က နိုင်ငံရေးသမားအများစုပြောလေ့ပြောထရှိသော အခြင်းအရာ တစ်ခုမှာ အာဏာရှင်များသည် လူထု(အထူးသဖြင့်) လူငယ်များကို နိုင်ငံရေးနယ်ပယ်အပေါ် စိတ်ဝင်စားမှု လျော့ပါးအောင် မီဒီယာလက်နက်အသီးသီးဖြင့် အာရုံလွှဲလေ့ရှိသည်ဟူ၏။ လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်း တစ်ခုခုဖြစ်လျှင်လည်း အဆိုပါကိစ္စရပ်သည် အုပ်စိုးသူ သို့မဟုတ်အုပ်ချုပ်ရေး အာဏာပိုင်များ၏ နိုင်ငံ ရေးပရိယာယ်တစ်မျိုးပင် ဖြစ်သည်ဟု စွပ်စွဲလေ့ရှိသည်။
ရခိုင်ပြည်နယ်တွင် လူမှုအုပ်စုနှစ်ခု၏ အကြမ်းဖက်မှု ပဋိပက္ခစတင်ဖြစ်ပေါ်ခါစ အချိန်ကာလတွင် နိုင်ငံရေးလောကနယ်ပယ်မှ ပုဂ္ဂိုလ်များက ‘နိုင်ငံရေးအာရုံလွှဲသည့် ဖန်တီးလှုံ့ဆော်မှု’ဟု ယူဆခဲ့ကြသည်။ ပဋိပက္ခကာလဖြစ်စဉ် အတန်ကြာသောအခါ လူမှုအုပ်စုနှစ်ခုကြားနှစ်
ပေါင်းရာချီ ဖြစ်တည်လာခဲ့သော အရင်းခံများကြောင့် ဖြစ်သည်ကိုစတင်သဘောပေါက်စ ပြုလာကြသည်။
မိတ္ထီလာအရေး ဖြစ်ပွားသောအခါ စကားလုံးတစ်လုံး ရေပန်းစားလာခဲ့သည်။ အဆိုပါစကားရပ်မှာ ‘နောက်ကွယ်မှ ကြိုးကိုင်သူ’ ဟူ၍ဖြစ်သည်။ နောက်ကွယ်မှ ကြိုးကိုင်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အမှန် တကယ်ရှိစေဦးတော့ အဆိုပါ ရုပ်ပျက်ဆင်းပျက် အောက်တန်းကျလှသည့် ပဋိပက္ခများ၏ လက်သည် တရားခံများတွင် လူမှုအုပ်စု နှစ်ခုအကြားတွင် ရှိနေသော မလုံခြုံမှုနှင့်အကြောက်တရားကြောင့် ဖြစ်သည်ကို ခြွင်းချက်မရှိ ဝန်ခံရလိမ့်မည်ဟုထင်ပါသည်။
ဖြစ်စဉ်ဖြစ်ရပ် တစ်ခုချင်းစီအပေါ် တုံ့ပြန်ပြုမူချက်၊ ထင်မြင်ချက်ပေးသည့် ဓလေ့တို့သည် လူမှုအုပ်စု၊ လူမျိုးတစ်မျိုးအတွင်း ကာလတာရှည် စွဲခိုင်နေသော မူလ ဗီဇ၊ အငုံစိတ်၊ သိမှု ရေချိန်တို့ကို အနည်းနှင့် အများ ထင်ဟပ်ပြလေ့ရှိသည်။
ဤနှစ်ပိုင်း မေလနှင့် ဇွန်လကာလအတွင်းဖြစ်ပျက်ခဲ့သော ဖြစ်စဉ်အရပ်ရပ်အပေါ် အဖွဲ့အစည်း အသီးသီး၊ ပုဂ္ဂိုလ်အသီးသီးတို့၏ထင်မြင်ယူဆချက်၊ သုံးသပ်ချက်၊ ခံစားချက်များကို ကြည့်လျှင် conspiracy Theory အပေါ် ကျောက်ချစဉ်းစားသည့် ဓလေ့က တစ်စခန်းထလာသည်ကို တွေ့လာရသည်။
မေလပိုင်းတွင် မအူပင်၊ ဗိုလ်စိန်မှန်၊ အောင်ပင်လယ်တို့၌ ဗဟိုပြု ထွက်ပေါ်လာသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် ဇာတ်ရှိန်တက်လာ သည်။ ပုဒ်မ ၄၃၆ အပေါ် လူထုစိတ်ဝင်စားမှုကလည်း အပြုသဘောရော အနုတ်လက္ခဏာသဘောပါ မြင့်တက်လာသည်။ မေလ ၂၈ ရက်၌မောင်တောနယ်စပ်၊ ခြံစည်းရိုးမိုင်တိုင် ၅၂ တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အရေးတင်းမာမှုက မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည်။
နှစ်နိုင်ငံဆက်ဆံရေးအခြေအနေက ခေတ္တ ခဏမျှ တင်းမာအေးစက်သွားခဲ့သည်။ ဤသည်ကိုပင် conspiracy theory အပေါ် ကျောက်ချ စဉ်းစားသည့် ဓလေ့ထွန်းကားသည့် မြန်မာ့အသိုင်းအဝိုင်းတွင်
နိုင်ငံရေးအာရုံ လွှဲခြင်း(ဝါ) နိုင်ငံရေးအာရုံလွှဲလိုက်ပြန်ပြီဟူ သော မှတ်ချက်ပြုသံ သောသောညံလာသည်။
စင်စစ် ပုဒ်မ ၄၃၆ ဖျက်သိမ်းရေးလှုပ်ရှားမှုသည် မေလ ၂၇ နှင့် ဇူလိုင်လ ၁၉ ရက်အထိ သတ်မှတ်ခြင်း ဖြစ်ရာ အဆိုပါကာလအတွင်း ဖြစ်ပေါ်သော ထူးခြားဖြစ်စဉ်တိုင်းသည်နိုင်ငံရေးအာရုံ
လွှဲခြင်း ဖြစ်နိုင်သည်ဟု ယူဆရမလိုဖြစ်နေသည်။
ကံမကောင်းအကြောင်းမလှစွာပင် ဇွန်လ ၁၆ ရက်တွင် သန်းခေါင်ယံစစ်ဆင်ရေးဟု အမည်ကင်း ပွန်းတပ်ခံရသည့် မဟာသန္တိသုခ ကျောင်းတော်အရေးကလည်း တစ်စခန်းထလာပြန်သည်။ ဤလုပ်ရပ်သည် စစ်အစိုးရလက်ထက်က ပြုကျင့်ခဲ့သည် နည်းနာနိဿယထက် ဆိုးဝါးလွန်းသည်ဟု တုံ့ပြန်ဝေဖန်မှုများ ရှိသကဲ့သို့ လူထုထံ အကြောက်တရားများ ပျံ့နှံ့ထွန်းကားအောင်ပြုလုပ်ဆောင်ရွက်ချက် (fear message) လည်း ဖြစ်သည်ဟု ပြောဆိုဝေဖန်မှုများကလည်းရှိသည်။ မဟာသန္တိသုခအရေးက သံဃာထုအကြား သွေးစည်းညီညွတ်မှုကို သပ်လျှိုဖြိုခွဲသွားသည့် သဘောသို့ သက်ရောက်သွားသည့်အပြင် သန္တိသုခအရေး အပေါ် ပြန်လည်တုံ့ပြန်လာမည့်ရဟန်းသံဃာများ၏ နိုင်ငံရေးလှုပ်ရှားမှုအဟုန်ကလည်း ကြီးကျယ်လာနိုင်သည့် အရိပ်အယောင်များ ထွက်လာသည်။ မကြာပါ။ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးတာဝန်မှ ရပ်စဲကြောင်း ထုတ်ပြန်ကြေညာချက် ပေါ်ထွက်လာသည်။
လူထုစိတ်ဝင်စားမှု အာရုံသည်မီဒီယာစာမျက်နှာပေါ်တွင် မှီတည်ပါသည်။ မီဒီယာစာမျက်နှာသည် လည်း သော့ချက်ကျသည့် ဖြစ်ရပ်များ၊ ဖြစ်စဉ်များကို ဖန်တီးတည်ဆောက်နိုင်သည့် အင်အားစု၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များပေါ်တွင် များသောအားဖြင့် မှီတည်လေ့ ရှိပါသည်။
လူထု၏အာရုံမှာ နဂိုမူလကပင်ထွေပြားလေ့ရှိသည်။ ယိမ်းယိုင်လွယ်သည်။ လူထု၏ စိတ်အာရုံသည် မအူပင်၊ ဗိုလ်စိန်မှန်၊ အောင်ပင်လယ်မှ အစပြု၊ ဗဟိုပြု အရှိန်ယူလာသော ပုဒ်မ ၄၃၆ ဖျက်သိမ်းရေးလှုပ်ရှား မှုတွင် စုဝေးခဲ့သည်။ တပ်မတော်အပေါ် မေးခွန်းထုတ်သည့်ဟောပြောချက်များကလည်း လူထုအကြား ရေပန်းစားခဲ့သည်။
မကြာပါချေ။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေး တင်းမာမှု ဖြစ်ပေါ်လာရာ အမျိုးသားရေးစိတ်ဓာတ် အဟုန်နှင့် စစ်သွေးစစ်မာန်များကလည်း ပြင်းပြင်းရှရှ နေရာယူနိုင် ခဲ့သည်။ မကြာပါချေ။ မဟာသန္တိသုခ အရေးပေါ်ပေါက်လာသဖြင့် အစိုးရအပေါ် ယုံကြည်မှုတွင် အတော်အတန်ထိခိုက်ခဲ့သည်။
သို့သော် ဇာတ်လမ်းက ဤတွင်မပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးတာဝန်မှ ရပ်စဲပစ် လိုက်သည်။ သို့လော သို့လောတွေပွက်လောထသွားသည်။ နေပြည်တော်အတွင်း ဂိုဏ်းဂဏအုပ်စုတို့၏ ပါဝါလွန်ဆွဲပွဲတွင် ဦးဆန်းဆင့် ကြားညှပ်သွားခြင်း ဖြစ်သည်ဟု သုံးသပ်သူကလည်း သုံးသပ်သည်။ အငှား တရားခံ ရမယ်ရှာသည်ဟု ဆိုသူကလည်း ဆိုသည်။ နန်းတွင်းအာဏာနှင့် ဓနဥစ္စာလုပွဲ ပြင်းထန်လာသည့် အရိပ်အယောင်ဟုလည်း သရော်သူက သရော်ကြသည်။
စဉ်းစားရန်မှာ နိုင်ငံရေးအာရုံလွှဲသည်ဟု သတ်မှတ်ယူဆကြသည့်ထူးခြားဖြစ်စဉ်တိုင်းတွင် အာဏာရ အင်အားစုအတွက် နိုင်ငံရေးအကျိုးအမြတ် ကြီးကြီးမားမားရှိသည်ကိုသိပ်မတွေ့ရဘဲ လူထု၏ ရှိရင်းစွဲယုံ ကြည်မှုကိုပင် လက်လွှတ်ဆုံးရှုံးသွားရသည်ကို တွေ့ရပါလိမ့်မည်။
မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်ကို ပုံဖော်ရသော် အလင်းဘက်ခြမ်းတွင် ဖော်ပြနိုင်သည့်ဝိသေသထူးများ လည်းရှိ၏။ အမှောင်ဘက်ခြမ်းတွင်ဖြစ်တည်နေသော ဝိသေသထူးများလည်း ရှိပါ၏။ ထိုသို့သော အဆိုး အကောင်းများဖြင့် ရောပြွမ်းနေသောဝိသေသထူးများက ထူးခြားဖြစ်စဉ်တိုင်းတွင် ပေါ်ထွက်စမြဲ ဖြစ်သည်။
ကိုဇန်

No comments:
Post a Comment