
နေပြည်တော်၊ ဇူလိုင် ၁
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ နေပျော်လာအောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေနှင့် အခြေအနေ အရပ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လွှတ်တော်သို့ လာရောက် ဖြေကြားခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ယင်းအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ တင်သွင်းခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ကိုယ်စားလှယ်ငါးဦးက ဆွေးနွေးခဲ့သည်။
။
အဆိုအတည်ဖြစ် မဖြစ် ဆုံးဖြတ်မည့်အချိန်တွင် အစိုးရအဖွဲ့က လာရောက် ဖြေကြားခြင်း မရှိသဖြင့် နည်းဥပဒေအရ အဆိုတင်သွင်းသည့်ရက်မှ ၂၁ ရက်အတွင်း လာရောက် ဖြေကြားခြင်းကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
ဦးလှဆွေသည် ယခင်က လွှတ်တော်တွင် တိုင်းရင်းသားအရေးများနှင့် ပတ်သက်၍ ကန့်ကွက်ပြောဆိုမှုများစွာ ရှိသောကြောင့် ယခုအဆိုသည် နိုင်ငံရေး လှည့်ကွက်တစ်ခုဟု ယူဆနိုင်စရာအကြောင်း ရှိကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။
“ဒီအဆိုကို သတိကြီးစွာထားပြီး ကြိုဆိုပါတယ်” ဟု ၎င်းက ပြောဆိုသည်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နေရာကို တပ်မတော်က အရာရှိကို ခန့်အပ်ခြင်းနှင့် ရခိုင်ပြည်သူ၏အရေးကို လွှတ်တော်က ဖော်ဆောင်ပေးရန် တိုက်တွန်းခြင်းသည် အစိုးရက ၎င်းတို့လိုချင်သော နိုင်ငံရေးဘောင်အတွင်း ရခိုင်ပြည်နယ်ကို ထည့်သွင်းသည့် ပုံသဏ္ဌာန် ဖြစ်နေကြောင်း ၎င်းက သုံးသပ်သည်။
လက်ရှိ တင်သွင်းထားသည့် အဆိုကို အမျိုးသားရေးတာဝန်အရ တင်သွင်းခြင်းဖြစ်ပြီး ပါတီနှင့် အဖွဲ့အစည်းတို့မှ တင်သွင်းခိုင်းခြင်း မဟုတ်ဘဲ မိမိ၏ ဆန္ဒအရ တင်သွင်းခြင်းသာ ဖြစ်ကြောင်း ဦးလှဆွေက ဆိုသည်။
The Voice Weekly
posted from Bloggeroid
No comments:
Post a Comment