28 JUNE 2014
ဟာသသရုပ်ဆောင်ဒိန်းဒေါင်က သူငယ်ချင်းတွေ နာမည်ကြီးသွားတဲ့အချိန်မှာ လမ်းဘေးအရက်သမားဘ၀ ကနေ ကိုယ့်ကိုကိုယ်ရုန်းထွက်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
“ငယ်သူချင်းတွေ ကိုခင်လိုင်၊ မျိုးကို၊ ကိုဘိုလှ၊ ကျွန်တော်ရယ်ပေါ့နော်။ သူငယ်ချင်းတွေလိုနေခဲ့ကြတာ။ ခင်လှိုင်ကနာမည်ကြီးသွားပြီးတော့ ကျွန်တော်က လမ်းဘေးက အရက်သမားဘ၀နဲ့ ကျန်နေခဲ့တယ်။ အဲဒါနဲ့ ကိုယ့်ကိုကိုယ်ပြုပြင်ပြီး၊ ထိန်းသိမ်းပြီးတော့ ဘာသာရေးဘက်ကို ကိုင်းရိုင်းပြီးတော့ ဒီဘ၀ကိုရောက်ခဲ့တာပါ” လို့ ဒိန်းဒေါင်က ဆိုပါတယ်။
သူနဲ့ ခင်လှိုင်တို့တွဲလို့ နာမည်ကြီးတာ မဟုတ်ဘဲ နာမည်ကြီးအချင်းချင်းတွဲတာလို့ ဒိန်းဒေါင်က ဆိုလိုက် ပါတယ်။ သူတို့နှစ်ယောက်အတွဲက ငယ်သူငယ်ချင်းတွေဖြစ်နေတာကြောင့် ငယ်ကျိုးငယ်နာတွေဖေါ်ဖို့ အားနာစရာမလိုတဲ့သူတွေဖြစ်တာကြောင့် ပရိတ်သတ်တွေအတွက်တော့ သူတို့နှစ်ယောက်အတွဲက ကြည့်လို့ကောင်းတဲ့ နပန်းပွဲတစ်ခုနဲ့တူတယ်လို့ ဆိုပါတယ်။
“ ကိုခင်လိုင်ဆိုတဲ့သူက တကယ်ကိုရှားတဲ့သူတစ်ယောက် စတိတ်ရိုးဆိုမလား။ မင်းသားလို ကမလား။ ပြက်လုံးတွေ ပြက်မလား။ အကုန်တော်တဲ့လူရွင်တော်ပါ” လို့ သူ့ရဲ့တွဲဘက်လူရွှင်တော် ခင်လှိုင်အကြောင်းကို ပြောသွားပါတယ်။
သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အပြန်အလှန် ပြက်လုံးလဲကြတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ အတွဲညီတဲ့ သူတို့နှစ်ယောက်က တစ်ခါတစ်လေ ရန်ဖြစ်ပေမယ့် ဇာတ်ကားတွေလည်း အတူ ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ကတော့ တွဲသွားမှာပါ။ တစ်လေတစ်လေကျရင် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်တယ်။ ကျွန်တော်က အစအနောက်အရမ်းသန်တယ်။ တစ်ခါတစ်လေကျရင် သူကဆံပင်ဆွဲတတ်မှန်းသိလို့ ကျွန်တော့်ဆံပင်တွေကို တေဇောပန်းတွေ ပွတ်ထားတယ်။ သူကဆံပင်စောင့်ဆွဲပြီးတော့ မျက်နှာတွေပွတ်တော့ မျက်ရည်တွေကျပြီဆိုရင် သူကလည်းဆဲဆိုပြီးအမျိုးမျိုးလုပ်တယ်။ လူကြီးတွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်အောင်နောက်တယ်။”လို့ ကိုဒိန်းဒေါင်က ဆိုပါတယ်။
လူရွင်တော်ဆိုတာ ကိုယ်တိုင်သောကစိတ်ဆင်းရဲစရာတွေအများကြီး ရှိနေရင်တောင် သူများကို ရယ်အောင် လုပ်နေရတာကြောင့် သူ့အဖေသေတဲ့အချိန်ကဆို ပရိတ်သတ်တွေ အရယ်မပျက်အောင် ဟာသတွေ ဆက်ပြောနေတုန်းပဲလို့ ဆိုပါတယ်။
BY ရဲရင့်မင်းခန့် (မြစ်မခ)

No comments:
Post a Comment