ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ပြည်နယ် ခုနှစ်ခုမှာ ကန့်ကွက်ဆန္ဒပြမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားတယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (BNF) က ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံပြီးတဲ့ အချိန်မှာ အခုလို ဆိုင်းငံ့ထားတာပါ။
အမျိုးသား လွှတ်တော်က အတည်ပြုထားပြီဖြစ်တဲ့ PR စနစ်နဲ့ ကျင့်သုံးမယ့် ရွေးကောက်ပွဲဟာ တရားမျှတရမယ်လို့ ဦးရွှေမန်းက BNF အဖွဲ့ဝင် နိုင်ငံရေးပါတီတွေကို ကတိပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ BNF အဖွဲ့ဝင် ဦးစောသန်းမြင့်က “ဒီရွေးကောက်ပွဲ PR စနစ်ဟာ တိုင်းရင်းသားတွေအတွက် မျှတမှုရှိစေရပါမယ်လို့ ကတိပေးထားပါတယ်” လို့ ဦးရွှေမန်း ပြောဆိုချက်ကို ပြန်လည် ပြောဆိုပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့နေရာမှာ PR စနစ် ကျင့်သုံးဖို့ အဆိုကို တပ်မတော်သား ကိုယ်စားလှယ်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနဲ့ တိုင်းရင်းသားပါတီတွေက ကန့်ကွက်ခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ သူရဦးရွှေမန်းဟာ တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ BNF အဖွဲ့ဝင်တွေဟာ ဇွန်လ ၂၅ ရက်နေ့ တွေ့ဆုံခဲ့ပါတယ်။
PR စနစ် ကျင့်သုံးဖို့ လွှတ်တော်အတွင်း ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ အကြံပြု တင်ပြချက်တွေကို အစီရင်ခံစာ ရေးဆွဲဖို့ ကိုယ်စားလှယ် ၁၅ ဦး ပါဝင်တဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပါတယ်။ အဲဒီကော်မရှင်က မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ PR စနစ် အစီရင်ခံစာကို ရေးဆွဲပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ရမှာ ဖြစ်ပါတယ်။
Posted via Blogaway

No comments:
Post a Comment